Feb 17, 2011

pa oh activityPNLO9

နယ်ချဲ့တော်လှန်ရေး
          မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးတို့သည် မြန်မာနိုင်ငံအား နယ်ချဲ့ကျူးကျော်လာသူများကို ခုခံတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ကြ၏။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်လွတ်လပ်ရေးကိုထိန်းသိမ်းကာကွယ်ရာတွင်လည်း သွေးစည်းညီညွတ်စွာပါဝင်ခဲ့ကြ၏။ ယနေ့တိုင်တိုင်းရင်းသားလူမျိုးများအားလုံးတို့သည် ပြည်တွင်းပြည်ပအန္တရာယ်ရန်စွယ်ဟူသမျှကို စည်းလုံးညီညွတ်စွာပါဝင်တော်လှန်နေကြ သည်။ ကာကွယ်နေကြသည်။ နောင်လည်းစည်းလုံးညီညွတ်နေကြမည်သာဖြစ်ပေသည်။ နယ်ချဲ့ကိုတော်လှန်ရာ ဆန့်ကျင်ရာတွင် ပအိုဝ်းတိုင်းရင်းသားတို့သည်လည်း ပါဝင်ခဲ့၏။
အလောင်းဘုရားလက်ထက် မြန်မာတို့ယိုးဒယား (ထိုင်း) ကိုချီတက်တိုက်ခိုက်ရာတွင် ရှမ်းပြည်နယ်မှတိုင်းရင်းသားပေါင်းစုံသည် မြန်မာတို့နှင့်ပေါင်း၍ စုပေါင်းချီတက်ခဲ့ကြသည်။ မြန်မာ၊ ရှမ်း၊ ပအိုဝ်း၊ လား ဟူစသော တိုင်းရင်းသားတပ်ပေါင်းစုံသည်ယိုးဒယားသို့ချီတက် တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် အလောင်းဘုရားလက်ထက်ကပင် မြန်မာတို့နှင့်စည်းလုံးညီညွတ်စွာနေထိုင် ခဲ့ကြသည်ကို သိနိုင်သည်။
          အင်္ဂလိပ်-မြန်မာ ပထမစစ် မဖြစ်မီကတည်းက မြစ်ဝကျွန်းပေါ်ရှိ ကရင်မျိုးချစ်တို့သည်ဗြိတိသျှတို့ကို တိုက်ခိုက်ခဲ့သည်။ ကရင်မျိုးချစ်တို့၏ ဗြိတိသျှဆန့်ကျင်ရေးတိုက်ပွဲများမှာ နေပြည်တော်ကျပြီးသောအခါ ပိုမိုပြင်းထန်လာသည်။ ဗြိတိသျှတို့ကလည်း တိုင်းရင်း သား ကရင်အမျိုးသားများအား အပြင်းအထန်နှိမ်နင်းခဲ့၏။ မရမ်းချောင်း ဘုန်းတော်ကြီးသည် “ မျက်နှာဖြူများကို ပင်လယ်အတွင်းသို့ မောင်း ထုတ်ပစ်မည် ” ဟူသော ကြွေးကြော်သံဖြင့်တောင်ငူ၊ စစ်တောင်း၊ ရွှေကျင်၊ သန်လျင်တစ်ဝိုက်တွင် ကရင်၊ ပအိုဝ်းနှင့် မြန်မာအမျိုးသားများကို ခေါင်းဆောင်၍ ဗြိတိသျှတို့ကိုတုံ့ပြန်တိုက်ခိုက်ကြသည်။ မရမ်းချောင်းဘုန်းတော်ကြီးသည် ကရင်၊ ပအိုဝ်း၊ မြန်မာအမျိုးသားများကို ခေါင်းဆောင်ကာ စစ်တောင်းကိုဗဟိုပြု၍ ရန်ကုန်အနီးအနားတစ်ဝိုက်နှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်အထိ တော်လှန်တိုက်ခိုက်ခဲ့ကြ သည်။
မရမ်းချောင်း ဘုန်းတော်ကြီးသည် စာပေပရိယတ္တိကိုလိုက်စား၏။ ကျွမ်းကျင်၏။ ထို့ပြင် သာသနာပိုင်၏ ချီမြှင့်မြှောက်စားခြင်းကို လည်းခံရ၏။ တော်လှန်ရေးစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်လည်း ပြင်းပြလေသည်။ ဆရာတော်သည် ဗြိတိသျှတို့၏ ရက်စက်ယုတ်မာပုံတို့ကို အဟောအပြောကောင်းစွာဖြင့် ဟောပြောစည်းရုံးခဲ့သဖြင့် နောက်လိုက်လူသူအင်အားတောင့်တင်းလှသည်။ ဗြိတိသျှတို့သည် မရမ်းချောင်း ဘုန်းတော်ကြီးဦးဆောင်သော ကရင်၊ ပအိုဝ်း၊ မြန်မာအမျိုးသားများ၏ စည်းရုံးညီညွတ်မှု အင်အားကို အလွယ်အကူ မနှိမ်နင်းနိုင်ခဲ့ပေ။ ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်တို့မှ ဆက်သွယ်ဖောက်လုပ်ထားသော တူးမြောင်းကိုလည်းမရမ်းချောင်းဘုန်းကြီးဦးဆောင်သော ပအိုဝ်း၊ မြန်မာအမျိုးသားများက ဗြိတိသျှတို့အသွားအလာ ခက်ခဲစေရန်အတွက်ချိုးဖောက်ဖျက်ဆီးပစ်ကြသည်။ အဆက်အသွယ်များပြတ်တောက်စေ ရန်အတွက် ကြေးနန်းတိုင်များကိုလည်း ဖျက်ဆီးပစ်ခဲ့ကြသည်။
မရမ်းချောင်း ဘုန်းတော်ကြီးနှင့်အတူပူးပေါင်း၍ ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ တောင်ငူနယ်တို့တွင် ဗြိတိသျှတို့ကိုဆန့်ကျင် တိုက်ခိုက်ခဲ့သော အခြားဘုန်းကြီးတစ်ပါးမှာ ကျောက်ညှပ်ဘုန်းတော်ကြီးဖြစ်သည်။ မရမ်းချောင်းဘုန်းတော်ကြီးနှင့် ကျောက်ညှပ်ဘုန်းတော် ကြီးတို့ဦးဆောင်သော နယ်ချဲ့ဆန့်ကျင်ရေးအင်အားစုတွင် ကရင်၊ ပအိုဝ်း၊ မြန်မာနှင့် ရှမ်းအမျိုးသားများပါဝင်၏။ ၎င်းတို့သည် ဗြိတိသျှတပ် အစောင့်အရှောက်များစွာ ချထားသောရွှေကျင်ကို လာရောက်တိုက်ခိုက်ကြ၏။ ဗြိတိသျှလက်မှ ရွှေကျင်ကိုပြန်လည်သိမ်းပိုက်လိုက်ကြသည်။ ရွှေကျင်ကျသည်ကိုအကြောင်းပြု၍ မေဂျာကိုဘင်ဆင် ဦးဆောင်ချီတက်လာသော ဗြိတိသျှတပ်များသည် ကရင်၊ ပအိုဝ်း၊ မြန်မာနှင့် ရှမ်းအမျိုးသားများလက်ချက်ကြောင့် တပ်လှန်သွားခဲ့ရသည်။
တပ်ပျက်သော မေဂျာကိုဘင်ဆင်၏တပ်မှ ဗြိတိသျှသုံ့ပန်းများကို ဖမ်းဆီးရမိလိုက်သည်။ ဖမ်းဆီးရမိသော ဗြိတိသျှသုံ့ပန်း များကို အဆင့်အတန်းအလိုက် လက်နက်ဖြင့်ရွေးယူစေသည်။ ရွှေကျင်တွင် မရမ်းချောင်းနှင့် ကျောက်ညှပ်ဘုန်းတော်ကြီး ဦးဆောင်သော ကရင်၊ ပအိုဝ်း၊ မြန်မာ၊ ရှမ်းတိုင်းရင်းသားအင်အားစုများမှာ ကြာရှည်စွာတပ်စွဲမနေနိုင်ခဲ့ပေ။
ဗြိတိသျှစစ်တပ်များ အကူအညီရောက်ရှိလာပြီး တိုင်းရင်းသားအင်အားစုများ၏ ရိက္ခာများကို ဖြတ်တောက်ပစ်လိုက်ကြ သည်။ ထို့ကြောင့် ကရင်၊ ပအိုဝ်း၊ မြန်မာတိုင်းရင်းသားတို့သည် ရွှေကျင်မှဆုတ်ခဲ့ရသည်။ ထို့နောက်ဗြိတိသျှတို့သည် ဖာပွန်နယ်တွင် နယ်ချဲ့ဆန့်ကျင်ရေးများကိုဆင်နွှဲနေသော မရမ်းချောင်းဘုန်းတော်ကြီးကို ဆုငွေ ၅၀၀၀ ကျပ်ထုတ်ကာ ဖမ်းဆီးစေသည်။
အထက်ပါနယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွင်ပါဝင်ခဲ့ကြသည့် တိုင်းရင်းသားပအိုဝ်းများမှာ အောက်မြန်မာပြည်သထုံခရိုင်၊ တောင်ငူခရိုင်တွင်နေထိုင်ကြသည့် ပအိုဝ်းများဖြစ်ကြသည်။ ရှမ်းပြည်နယ်တွင်လည်း ပအိုဝ်းအမျိုးသားခေါင်းဆောင် ခွန်အိုးသည် ပအိုဝ်းအမျိုး သားများကို ဦးဆောင်ကာသထုံငယ်ခေါ်ဆီဆိုင်မှ ညောင်ရွှေ၊ ရပ်စောက်နယ်များအထိ တော်လှန်ရေးနယ်မြေများကို ချဲ့ထွင်ကာဗြိတိသျှတို့ ကို ဆန့်ကျင်၍ တိုက်ပွဲများ ဆင်နွှဲခဲ့ကြသည်။ ထို့ကြောင့်အောက်မြန်မာပြည်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားများနှင့် ရှမ်းပြည်နယ် တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားတို့သည် အခြားတိုင်းရင်းသားများနှင့်ပူးပေါင်း၍ နယ်ချဲကို စည်းလုံးညီညွတ်စွာဆန့်ကျင်တော် လှန် တိုက်ခိုက်ခဲ့ကြသည်။
ဖက်ဆစ်တော်လှန်ရေး
          မြန်မာပြည်တွင်းသို့ ဖက်ဆစ်ဂျပန်များဝင်ရောက်လာသောအခါ နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံမှထွက်ခွာသွားရသည်။ ဖက်ဆစ်ဂျပန်တို့ ၀င်ရောက်လာသောအခါ မြန်မာပြည်သူပြည်သားတို့သည် နယ်ချဲ့ထက်ဆိုးဝါးသော ဖက်ဆစ်ဂျပန်တို့၏ ညှင်းပန်းနှိပ်စက် မှုအမျိုးမျိုးကိုခံကြရလေသည်။ ဖက်ဆစ်ဂျပန်တို့သည် ပအိုဝ်းလူထုအား နှိပ်စက်ညှင်းပန်းလွန်းသဖြင့် ပအိုဝ်းစော်ဘွားစပ်ခွန်ကြဉ်သည် ၎င်း၏ နယ်သူနယ်သားများကိုဖက်ဆစ်ဂျပန်တို့ မနှိပ်စက်နိုင်အောင်ဥပါယ်တံမျဉ်ဖြင့် ဆက်ဆံခဲ့၏။
          စပ်ခွန်ကြဉ်သည် မိမိနယ်သူနယ်သားများအား ကြက်၊ ၀က်များကိုမွေးမြူစေ၏။ ထိုနောက် ဖက်ဆစ်ဂျပန်တို့၏နှိပ်စက်ညှင်းပန်းမှုမှ ကင်းလွတ်စေရန် ဂျပန်တို့ကို ကျေးရွာများအတွင်းသို့ရိက္ခာဝင်မယူစေဘဲကာလမ်းတစ်လျှောက်တွင် စုပုံပေးထား၏။ ဤနည်းဖြင့် ပအိုဝ်း လူထုသည်ဖက်ဆစ်ဂျပန်တို့၏ နှိပ်စက်ညှဉ်းပန်းခြင်းမှသက်သာရာရစေ၏။ စပ်ခွန်ကြဉ်၏ ဆောင်ရွက်ချက်ကြောင့် ပအိုဝ်းကျေးရွာများသည် ဖက်ဆစ်ဂျပန်တို့၏ ၀င်ရောက်မွေနှောက်ခြင်းမှကင်းလွတ်စေခဲ့၏။
          ၁၉၄၅ ခုနှစ်၊ မတ်လတွင် မြန်မာပြည်တစ်ပြည်လုံး ဖက်ဆစ်ဂျပန်ကို တော်လှန်ကြသဖြင့် ဂျပန်တို့ထိခိုက်မှုများစွာဖြင့်ဆုတ်ခွာထွက် ပြေးသွားရ၏။ ဂျပန်များဆုတ်ခွာသွားသောအခါ ရိက္ခာများမတန်တဆယူသွားသော်လည်း မလောက်မငဖြစ်သဖြင့် ကျေးရွာအတွင်းဝင်ရောက် နှိပ့်စက်ကြပြန်၏။
          ပအိုဝ်းစော်ဘွား စပ်ခွန်ကြည်သည် နယ်သူနယ်သားပအိုဝ်တို့အား ကြိုတင်စည်းရုံးဟောပြောထား၏ တစ်ဖက်တွင်ဖက်ဆစ်ဂျပန်တို့ အား ကြည်သာစွာဆက်ဆံစေ၏။ ထို့နောက်ဂျပန်တို့ထွက်မည့်လမ်းတလျှောက်၌ ဖက်ဆစ်ဂျပန်များကို ပအိုဝ်းတော်လှန်ရေးတပ်သားများက ချောင်းမြောင်းတိုက်ခိုက်သုတ်သင်ချေမှုန်းပစ်လိုက်ကြသည်။
          တောင်ကြီး-လွိုင်ကော် ကားလမ်းတစ်လျှောက်ဖြစ်သည့် ဆီဆိုင်နယ်တစ်ဝိုက်တွင် ပအိုဝ်းတိုင်းရင်းသားဖြားတန်ကလူစု၍ ဖက်ဆစ် ဂျပန်တို့ကိုတွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ ဖြားတန်ခေါင်းဆောင်သောပအိုဝ်းတော်လှန်ရေးတပ်သားတို့သည် ဖက်ဆစ်ဂျပန်တို့ကိုလွိုင်ကော် နယ်အထိ တိုက်ခိုက်မောင်းနှင်းခဲ့၏။ မဟာမိတ်များဝင်ရောက်လာသောအခါ ပအိုဝ်းတော်လှန်ရေးတပ်သားတို့သည် လွိုင်ကော်နယ်ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပေသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ဖက်ဆစ်တော်လှန်ရေးတွင်လည်းပါဝင်ဆင် နွှဲတိုက်ခိုက်ခဲ့ကြသည်။

လွတ်လပ်ရေးကြိုးပမ်းမှု
          လွတ်လပ်ခြင်း၏အရသာကို ကျွန်ုပ်တို့ယနေ့တိုင် တစိမ့်စိမ့်နှင့်ခံစားနေရ၏။ ကျွန်ုပ်တို့လွတ်လပ်ရေး၏အရသာကို ခံစားရလေ အောင် ခေါင်းဆောင်ကြီးများကအနှစ်နှစ်အလလ ကြိုးစားခဲ့ရသည်။ နောက်ဆုံးတွင်တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးသာမက လွတ်လပ်ရေးရရေးအတွက်လည်း အခြားတိုင်းရင်းသားများနှင့်အတူ စည်းလုံးညီညွတ်စွာပါဝင်ကြိုးပမ်းခဲ့ကြသည်။
          ၁၉၄၆ ခုနှစ်လောက်တွင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များသည် ရှမ်းပြည်သို့ပထမဆုံးအကြိမ် ရောက်ရှိလာကြ၏။ စစ်ပြီးကာလတွင် စော်ဘွားများသည် ပထမအကြိမ်ပဒေသရာဇ်ကောင်စီခန်းမတွင် ကျင်းပခဲ့၏။ ထိုအစည်းအဝေး၏ ဂယက်သည် စော်ဘွားတို့သည်စော်ဘွား များကောင်စီကိုတရားဝင်ဖွဲ့စည်းကြ၏။ အမှုဆောင်အဖွဲ့ကိုလည်း ၎င်းတို့အချင်းချင်းမဲပေး၍ရွေးချယ်ကြ၏။ ကောင်စီအစည်းအဝေးကို တောင်ကြီးမြို့၊ ညောင်ရွှေဟော်တွင်ကျင်းပခဲ့၏။ ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ်တွင်ပအိုဝ်းတိုင်းရင်းသား (သထုံ) ဆီဆိုင်စော်ဘွားစပ်ခွန် ကြဉ်သည် အလုပ်အမှုဆောင်အဖွဲ့တွင်ပါဝင်ဆောင်ရွက်ခဲ့၏။
          အင်္ဂလိပ်တို့သည် နယ်ခြားဒေသပြည်နယ်တောင်တန်းသားများနှင့်ရှမ်းပြည်နယ်ပူးပေါင်းလိုက်လျှင် အင်အားကြီးမားလာမည်ကို စိုး ရိမ်နေ၏။ စော်ဘွားများကလည်းမြန်မာပြည်မကိုလွတ်လပ်ရေးပေးလျှင် ရှမ်းပြည်နယ်ကိုလည်းပြည်မထက် မနိမ့်ကျသော ဒိုမီနီယံအုပ်ချုပ်ရေး ကိုပေးရန်တောင်းဆိုခဲ့ကြ၏။ ဤသည်ကိုနယ်ခြားဒေသအုပ်ချုပ်ရေးဌာန ဒုတိယညွှန်ကြားရေးဝန် မစ္စတာဂျေ၊အယ်လ်လေဒင်က ငြင်းဆိုခဲ့၏။ မစ္စတာဂျေ၊အယ်လ်လေဒင်ကို မိုင်ပွန်စော်ဘွားနှင့်သထုံ (ဆီဆိုင်) စော်ဘွားစ၀်ခွန်ကြည်တို့က ပြန်လည်ငြင်းဆိုခဲ့သည်။ ဤသို့ဖြင့် ပအိုဝ်း တိုင်းရင်းသားဖြစ်သူ သထုံစော်ဘွားစ၀်ခွန်ကြည်သည် မြန်မာပြည်လွတ်လပ်ရေးအတွက် ပါဝင်ကြိုးစားဆောင်ရွက်ခဲ့သည်။
          အင်္ဂလိပ်တို့သည် ရှမ်းပြည်နယ်ကို သီးခြားခွဲထား၍ မရတော့သောအခါ လွတ်လပ်ရေးပေးရန်ပြင်ဆင်ရလေတော့သည်။ မြန်မာ့ လွတ်လပ်ရေးအတွက် ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ရက်နေ့မှ ၁၃ရက်နေ့အထိကျင်းပခဲ့သည်။ ထိုညီလာခံသို့ ပအိုဝ်းတိုင်းရင်းသား ဦးလှဖေ(ဘီအေဘီအယ်လ်) လည်းတက်ရောက်ခဲ့လေသည်။ ဦးလှဖေသည် ပအိုဝ်းတိုင်းရင်းသားများကိုယ်စားပါဝင် ကြိုးပမ်းခဲ့သည်။
          လွတ်လပ်ရေးတိုက်ပွဲအင်အားတွင် ပအိုဝ်းတိုင်းရင်းသားများဖြစ်ကြသည့် ဦးဟိန္တီထွန်း (တောင်ကြီး)၊ ဦးထွက်အောင်း (စငေါ)၊ ဦးအောင်သာ (ကျဆုံး)၊ ဦးဟိန်မောင် (ကျဆုံး)၊ ဦးရွှေ (တောင်ကြီး)၊ ဆရာမင်း (တောင်ကြီး)တို့ပါဝင်ကြသည်။ ပြည်သူ့ရဲဘော်တပ်ဖွဲ့တွင် ပအိုဝ်းတိုင်းရင်းသား ကိုထွန်းရင်လော (ယခင်ရှမ်းပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ) ပါဝင်ခဲ့သည်။
          လွတ်လပ်ရေးအတွက်ပင်လုံသို့ ချီတက်ကြရာတွင်လည်း ပအိုဝ်းတိုင်းရင်းသားကျောင်းသားခေါင်းဆောင် ကိုထွန်းရင်လောသည် ကျောင်းသူကျောင်းသားများကို ဦးဆောင်ချီတက်ခဲ့ကြသည်။ ပအိုဝ်းတိုင်းရင်းသားအမျိုးသား၊ အမျိုးသမီးများလည်း ညီညီညာညာပါဝင်၍ အင် အားပြချီတက်ခဲ့ကြသည်။
          ပြည်ထောင်စုနေ့သည်မြန်မာ့သမိုင်းတွင် ကမ္ဘာတည်သရွေ့ကြွားဝင့်စွာ မော်ကွန်းထိုးရမည့်နေ့ပင်ဖြစ်၏။ ပြည်ထောင်စုနေ့ပေါ် ပေါက်လာစေရန်နှင့် လွတ်လပ်ရေးအချုပ်အခြာအာဏာကိုရရန်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဖြင့် တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်အသီးသီးတို့သည် ပြည်ထောင်စုကြီးသန္ဓေတည်ရာ ပင်လုံမြို့တွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့နံနက် ၁၀နာရီ တိတိ၌ ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးကိုရယူနိုင်ခဲ့သည်။
          ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည့် ရှမ်းပြည်နယ်မှရှမ်းစော်လွားကော်မတီတွင် ပအိုဝ်းတိုင်းရင်းသားဦးဖြူ (ကွယ်လွန်) သည် သထုံ (ဆီဆိုင်) စော်ဘွားစ၀်ခွန်ကြည်ကိုယ်စား ပါဝင်လက်မှတ်ရေးထိုးခဲ့၏။ ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးခရီး၌ ပအိုဝ်းတိုင်းရင်းသားများ သည် အခြားတိုင်းရင်းသားများနှင့် လက်တွဲ၍တက်ကြွစွာပါဝင်ဆင်နွှဲခဲ့ကြသည်။

ပဒေသရာဇ်စနစ်တော်လှန်ရေး
          ရှမ်းပြည်နယ်တွင်တည်ရှိလာခဲ့သော ပဒေသရာဇ်စနစ်သည် အင်္ဂလိပ်နယ်ချဲ့သမားတို့ရှမ်းပြည်နယ်ကို အထက်မြန်မာပြည်နှင့် ရှေ့ဆင့်နောက်ဆင့်သိမ်းပိုက်လိုက်သည့် အချိန်အထိပြောင်းလဲမှုမရှိသေးပေ။ ရှေးပဒေသရာဇ်ရှမ်းပြည်၏ နိုင်ငံရေး၊ စီးပွားရေစနစ်တွင် အောက်ပါလက္ခဏာများကိုတွေ့ရပေသည်။
          ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်နယ်ပယ်များသည် စုစည်းညီညွတ်မှုများမရှိပေ။ ရှမ်း (၉၉) မြို့ကိုပိုင်စိုးခဲ့သော ပဒေသရာဇ်နယ်ရှင်များ သည် သူတလူ ငါတမင်းဖြင့်အုပ်စိုးခဲ့ကြသည်။ ခေတ်မီလမ်းပန်းဆက်သွယ်ရေးများလည်း မရှိခဲ့ပေ။ တစ်နယ်နှင့်တစ်နယ်ကိုလည်း ကူးလူး ဆက်ဆံရေးအလွန်နည်းပေသည်။ ပဒေသရာဇ်စီးပွားရေး၏ အဓိကအင်္ဂါရပ်မှာလည်း ကိုယ့်ကိုယ်ကိုဖူလုံရေးပင်ဖြစ်၏။
          တောင်သူလယ်သမားတို့သည် မိမိတို့၏ လယ်ယာထွက်ကုန်မှ ဆယ်ဖို့တစ်ဖို့ကို ပဒေသရာဇ်တို့၏အခွန်အတုတ်အဖြစ်ဆက်သရ သည်။ ပဒေသရာဇ်များ၌ အခွန်အတုတ်များကိုပြည်သူပြည်သားများအတွက်ပြန်လည်အသုံးပြုခြင်းမရှိပေ။ ပဒေသရာဇ်တို့သည် ကုန်ထုတ် လုပ်ရေးတွင်လည်း ပါဝင်ခြင်းမရှိဘဲတောင်သူလယ်သမားဆင်းရဲသားများအပေါ်၌သာခေါင်းပုံဖြတ်သွေးစုပ်ခဲ့ကြသည်။ ရေမြေသခင်ကျေးဇူး ရှင် သက်ဦးဆံပိုင်များအဖြစ်အုပ်စိုးခဲ့ကြသည်။
          ပဒေသရာဇ်တို့သည်လယ်မြေအမြောက်အမြားပိုင်၍ တောင်သူလယ်သမားများအား သီးစားချထားသည်လည်းရှိသည်။ “ဘက်စား” ပေးသည်လည်းရှိသည်။ တောင်သူလယ်သမားများသည် ကိုယ်ပိုင်မြေကွက်တွင်ကိုယ်တိုင်လုပ်၍ အခွန်ပေးရသည်လည်းရှိသည်။ ပဒေသရာဇ် တို့၏လယ်ယာခြံများကို ကိုယ်ပိုင်လယ်လုပ်ကိရိယာဖြင့် လုပ်ပေးရသည်လည်းရှိသည်။ ပဒေသရာဇ်နယ်ရှင်ပယ်ရှင်နှင့် ပဒေသရာဇ်မှူးကြီး မတ်ရာများထံအလှည့်ကျအခမဲ့အလုပ်ကျွေးပြုရသည်လည်းရှိသည်။ ပဒေသရာဇ်တို့စစ်ထွက်လျှင်လည်း စစ်သည်တော်အဖြစ်လိုက်ရသေး သည်။
          ထိုအချိန်ကရှမ်းပြည်နယ်တွင် တောင်သူလယ်သမားများသည် ပဒေသရာဇ်နယ်စားပယ်စားများ၏ တကယ့်ကျေးတော်ကျွန်တော်မျိုး များပင်ဖြစ်သည်။ တောင်သူလယ်သမားတို့သည် ပဒေသရာဇ်တို့၏ဖိနှိပ့်သွေးစုပ်မှုအောက်တွင်နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတို့တွင် တိုး တက်မှုမရှိခဲ့ပေ။ လူဦးရေနည်းပါး၍ ကူးသန်းသွားလာရေးခက်ခဲသောရှမ်းကုန်းပြင်မြင့်ဒေသတွင် ပြည်သူလူထုတို့သည် စုစည်းမှုမရှိခဲ့ပေ။ သူ တလူ ငါတမင်းဖြင့်အုပ်စိုးသော သက်ဦးဆံပိုင်ပဒေသရာဇ်တို့၏ဓားအောက်တွင် တုတ်တုတ်မျှမလှုပ်ဝံ့ဘဲဖြစ်ခဲ့ရသည်။
          ပဒေသရာဇ်လူတန်းစားနှင့် မဟာမိတ်တို့သည်မိမိတို့ပဒေသရာဇ်နိုင်ငံရေးအာဏာဆက်လက်တည်မြဲရေး၊ ပဒေသရာဇ်စီးပွားရေး ခြယ်လှယ်မှုဆက်လက်လွှမ်းမိုးနိုင်ရေး၊ ပဒေသရာဇ်လူ့ဘောင် ဆက်လက်တည်မြဲရေးတို့တွင်အကြမ်းနည်း၊ အနုနည်း၊ ဗြောင်တစ်မျိုး၊ လျို့ဝှက်၍တစ်သွယ် နိုင်ငံရေးပရိယာယ်စုံလင်စွာဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည်။
          ၁၉၄၇ ခုနှစ်က ရီးစ်ဝီလျှံသည် တောင်တန်းများ၊ မြန်မာပြည်မသားများနှင့်ပေါင်းမပေါင်းလာရောက်စုံစမ်းခဲ့သည်။ ရီးစ်ဝီလျှံသည် ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ဝင်များနှင့်ဆုံပြီး ရှမ်းပြည်သည်နယ်ချဲ့ဗြိတိသျှလက်အောက်မှတစ်ဆင့် ပဒေသရာဇ်စနစ်လက်အောက်၌ ကျွန်ဖြစ်ခဲ့ရသည်များကိုပါလာရောက်ဆွေးနွေးခဲ့သည်။ ထိုအချိန်က သတင်းဆောင်းပါးများနှင့်စာနယ်ဇင်းလောကတွင်လည်း ရှမ်းပြည်နယ်အ ကြောင်းနှင့် ရှမ်းပြည်နယ်ရှိတိုင်းရင်းသားများ ပဒေသရာဇ်စနစ်ဟောင်းကြီးလက်အောက်၌ မည်မျှအတိဒုက္ခရောက်ခဲ့ကြောင်းကိုရေးသားခဲ့ကြ သည်။
          ပဒေသရာဇ်စနစ်သည် ရှမ်းပြည်နယ်လူ့ဘောင်တိုးတက်အရေးအတွက် အတားအဆီးကြီးဖြစ်နေသည်။ ပဒေသရာဇ်လူတန်းစား သည် ပြည်သူလူထုပေါ်ဖိနှိပ်သွေးစုပ်သည်။ ဖိလွန်းလျှင်ကြွတတ်သည့်သဘာဝအတိုင်းအဖိနှိပ့်ခံပြည်သူလူထုသည် ပဒေသရာဇ်စနစ်လက် အောက်မှ လွတ်မြောက်ရန်ကြိုးစားကြမည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။ ပဒေသရာဇ်ဖိနှိပ်မှု၊ သွေးစုပ်မှုရှိသမျှကာလပတ်လုံး ပဒေသရာဇ်လူ တန်းစားနှင့် ပဒေသရာဇ်ကိုတော်လှန်သည့်လူတန်းစားသည် ပဋိပက္ခဖြစ်နေကြမည်ဖြစ်ပေသည်။
          ထိုအချိန်မှာပင် ပြဿနာမှာ နယ်ချဲ့နှင့်ပဒေသရာဇ်စနစ်တို့တိုက်ရန်ဖြစ်၏။ ပဒေသရာဇ်တို့သည် တစ်ချိန်ကတစ်ဖက်သတ်အုပ်စိုးခဲ့ သည်။ ပဒေသရာဇ်စနစ်သည်ပိုမိုထွားကြိုင်းရင့်သန်လာ၏။ ရှမ်းပြည်နယ်ရှိအဖွဲ့ပေါင်းစုံတို့ကလည်းဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေစာအုပ်ကိုကိုင်ပြီး ရှမ်းပြည်နယ်ရှိတိုင်းရင်းသားပေါင်းစုံတို့ အခွင့်အရေးညီမျှစွာခံစားစေနိုင်ရေးအတွက် ပဒေသရာဇ်စနစ်ကိုတိုက်ဖျက်ရမည်။ ပြည်သူ့ကိုယ်စား လှယ်များပါဝင်သော ဒီမိုကရေစီတပ်ပေါင်းစုတည်ထောင်ကာ တောင်းဆိုကြမည့် လူငယ်နိုင်ငံရေးသမားများတို့ကို ပဒေသရာဇ်တို့ကသုတ် သင်လိုက်ကြသည်။ သားက ပဒေသရာဇ်စနစ်ဆန့်ကျင်ရေးလုပ်လျှင် အဖေ၊ အမေ၊ အဘိုး၊ အဘွားတစ်ဆွေတစ်မျိုးသားလုံးကိုဖမ်းဆီးခဲ့ သည်။ ဤသို့အားဖြင့် ပဒေသရာဇ်တို့သည် တရားမဲ့ပြုလုပ်လာခဲ့ကြသည်။
          လွတ်လပ်ရေးမရမီတွင် ရှမ်းပြည်နယ်ကို ပဒေသရာဇ်တို့သည် နယ်ရှင်လူထု၏အကျိုးအတွက် ဘာမျှမလုပ်ဆောင်ပေးခဲ့ပေ။ မိမိနယ် တွင် အခွန်အတုတ်ရရှိရေးနှင့် လူမျိုးစုလွှတ်တော်တွင် (၂၅) နေရာပုံသေရထားခြင်းကိုသာ အလေးဂရုပြုကြသည်။ ထို့အပြင်ထိုအချိန်က ပါလီမန်အမတ်လည်းဖြစ်၊ ၀န်ကြီးလည်းဖြစ်၊ စော်ဘွားလည်းဖြစ်နေသောမြေရှင်ပဒေသရာဇ်တို့သည် နေရာတိုင်းတွင်မိမိတို့ဘက်တော်သား များ၊ ဆွေမျိုးညာတကာများကိုသာထည့်သွင်းခဲ့ကြ၏။လူထုဆန္ဒကိုရယူမှုမရှိသဖြင့် လူထု၏ဆန့်ကျင်မှုများတစ်နေ့တခြားများပြားလာခဲ့သည်။
          နယ်ရှင်ပဒေသရာဇ်တို့သည် နယ်တွင်းဆူပူမှု၊ စီးပွားရေးကြပ်တည်းမှုတို့ကို မဆိုင်သလိုနေခဲ့ကြသည်။ လူထုမှာပဒေသရာဇ်တို့ အခွန်တော်ဆင့်ခေါ်တိုင်း မဆိုင်းမတွပေးဆောင်ကြရသည်။ ကစားဝိုင်းများနှင့်ဘုရားပွဲများကို စည်ပင်သာယာမှု၊ ပျော်ရွှင်မှုဟူ၍ မကြာခဏ ပြုလုပ်ပေးပြီးပွဲခွန်များကိုတောင်းခံလေသည်။ နယ်ရှင်ပဒေသရာဇ်တို့မှာ ၀င်ငွေဖြောင့်နေကြသော်လည်း ပြည်နယ်လူထုမှာဆင်းရဲကြပ်တည်း မှုမှမထွက်နိုင်ကြပေ။ အခွန်တော်မပေးဆောင်နိုင်သောလူထုများသည် ပဒေသရာဇ်အာဏာကိုရဲရဲဖီဆန်လာကြသည်။ ပဒေသရာဇ်တို့က လည်း အာဏာဖြင့်ဖိနှိပ့်လာခြင်းပြုလုပ်လာကြသည်။
          ထို့ပြင် ပဒေသရာဇ်တို့သည် မြေယာများကိုပိုင်ဆိုင်မှုနှင့် ၎င်းတို့၏အာဏာကိုအခြေပြုလျှက်တောင်သူလယ်သမားတို့၏ လုပ်အား ကိုခေါင်းပုံဖြတ်လာကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့သည် တောင်ယာခြံလုပ်ငန်းကို အများဆုံးလုပ်ကိုင်အသက်မွေးကြသူများ ဖြစ်ကြသဖြင့် ပဒေသရာဇ်တို့၏ ၀န်ထုပ်ဝန်ပိုးများသည် ၎င်းတို့အပေါ်တွင်ကျရောက်နေပေသည်။
          နယ်ရှင်ပဒေသရာဇ်တို့သည် စည်းစိမ်ဖြင့်နေထိုင်လိုကြသည်။ မိမိတို့၏သားသမီးများကိုလည်း နိုင်ငံခြားသို့ပို့ကာပညာသင်စေ၏။ ငွေပိုရှိမှာသာလျှင် ပစ္စည်းများကိုရနိုင်သောကြောင့် ပဒေသရာဇ်တို့သည် ငွေပို၍ရအောင်တောင်သူလယ်သမားများအပေါ်ပို၍ခေါင်းပုံဖြတ်ကြ သည်။
          ပအိုဝ်းတိုင်းရင်းသားတို့၏ အဓိကအသက်သွေးကြောမှာ သနပ်ဖက်လုပ်ငန်းပင်ဖြစ်သည်။ သနပ်ဖက်လုပ်ငန်းသည်ပအိုဝ်းတိုင်းရင်း သားတို့အဖို့ဝင်ငွေအကောင်းဆုံးလုပ်ငန်းတစ်ရပ်ဖြစ်သည်။ သနပ်ဖက်ပင်ပေါင်းသုံးသောင်းခန့် စိုက်လျှင်မြေကောင်းရေကောင်းပါက သနပ် ဖက် အချိန်ပေါင်းတစ်ထောင်ထွက်နိုင်သည်ဟုခန့်မှန်းရပါသည်။ ယခင်က သနပ်ဖက်အချိန်တစ်ထောင်လျှင် ငွေကျပ်တစ်ထောင် တန်ဖိုးရှိခဲ့ သည်။ ထို့ကြောင့် သနပ်ဖက်သည် ၀င်ငွေအကောင်းဆုံးလုပ်ငန်းဖြစ်သည်။
          ထိုအချိန်က ပဒေသရာဇ်တို့သည် သနပ်ဖက်တစ်ပင်လျှင်တစ်ပဲကျ အခွန်ထမ်းဆောင်ကြရမည်ဟု တောင်းဆိုခဲ့သည်။ သနပ်ဖက် သုံးသောင်းရှိသူသည် အခွန်ငွေကျပ် ၁၈၇၅ ကျပ်ခန့် ပေးဆောင်ရလေသည်။ သနပ်ဖက်လုပ်ကိုင်သူ ပအိုဝ်းတိုင်းရင်းသားများသည် ၎င်းတို့ ပေးဆောင်ရသော အခွန်အတုတ်မှာများလွန်းသဖြင့် တစ်ဝက်သာပေးဆောင်ရန်အခွင့်အရေးများ တောင်းဆိုကြသည်။ ထိုအခါ ပဒေသရာဇ် စော်ဘွားများကောင်စီသည် အချင်းချင်းညှိနှိုင်းပြီး တစ်ပင်လျှင် နှစ်ပြားသာကောက်ခံရန် သဘောတူဆုံးဖြတ်ကြသည်။
          အိမ်ထောင်တစ်အိမ်ထောင်လျှင် လူခုနှစ်ယောက်ရှိပါမှ သနပ်ဖက်ပင်သုံးသောင်းကို သနပ်ဖက်ကုန်ချောများထွက်ရှိအောင် ထုတ် လုပ်နိုင်သည်။ နယ်ရှင်ပဒေသရာဇ်စော်ဘွားတို့က သနပ်ဖက်တစ်ပင်လျှင် နှစ်ပြားသာကောက်ခံသောအခါ ငွေကျပ် ၉၄၇ ကျပ်ခန့်သာ ကုန် ကျလေသည်။ သနပ်ဖက်ပင်စိုက်ပျိုးထုတ်လုပ်ရသူအတွက်မူ အသားတင်ငွေ ၁၀၀ ကျပ်သာကျန်သဖြင့် မပေးဆောင်လိုပေ။ ပအိုဝ်းတိုင်းရင်း သားများတို့သည် ပဒေသရာဇ်တို့တောင်းခံသော သနပ်ဖက်အခွန်ငွေကိုမပေးဆောင်ရရေးအတွက် တော်လှန်ပုန်ကန်ရန် စိုင်းပြင်းကြသည်။
          ပဒေသရာဇ်တို့သည် ပအိုဝ်းအမျိုးသား၊ သမီးများကိုအကြမ်းဖက်ခြင်း၊ သနပ်ဖက်ခြံများကိုမီးရှို့ဖျက်ဆီးခြင်း၊ လက်ဖက်များကို မီးရှို့ ဖျက်ဆီးခြင်းများကို ပြုလုပ်လာခဲ့ကြသည်။ ထိုကြောင့်ဖြားတန်ကောင်ခဲသည် ပအိုဝ်းတိုင်းရင်းသားများနေထိုင်သော ရွာများသို့ပဒေသရာဇ် တို့၏ ညှင်းပန်းနှိပ်စက်မှုများကို လက်ပိုက်ကြည့်မနေကြရန်သတိပေးသည့်အတိုင်းပင် အနယ်နယ်အရပ်ရပ်ရှိ ပအိုဝ်းတိုင်းရင်းသားတို့သည် ပဒေသရာဇ်တို့ မိမိတို့အပေါ်မဖိနှိပ့်စေရန်အတွက် ပဒေသရာဇ်တို့ရန်ကို ကာကွယ်ရန်ပြင်ဆင်ထားကြသည်။
          ထိုအချိန်မှာပင် ပဒေသရာဇ်တို့သည် ပင်လုံနယ်ရှိဟွေးဟွမ်းရွာကိုမီးရှို့ရာ၌ မစွန်းရင်းကရှိပြီး ကစွန်းခင်းကငြိလာသောအခါ ပအိုဝ်း တိုင်းရင်းသားတို့မှာ မခံမရပ်နိုင်တော့ပေ။ ထို့ကြောင့် ဖြားတန်ကောင်ခဲသည် မိမိကိုယ်တိုင်ဦးဆောင်၍ ပဒေသရာဇ်စနစ်ကို စတင်တော်လှန် လေတော့သည်။ ထိုကြောင့် ပဒေသရာဇ်စနစ်တော်လှန်ရေးသည် ကောင်ခဲမှစတင်အစပြုခဲ့သည်ဟုဆိုရပေမည်။
          ပဒေသရာဇ်ကိုတော်လှန်ရာတွင် လူပုဂ္ဂိုလ်ကိုတော်လှန်ခြင်းမဟုတ်ဘဲ စနစ်ကိုတော်လှန်ခြင်းသာဖြစ်သည်။ ပအိုဝ်းတိုင်းရင်းသားတို့ သည် တစ်ယောက်တည်းကျန်သည့်တိုင် ပဒေသရာဇ်စနစ်လက်အောက်မှ လွတ်မြောက်အောင်တိုက်ခိုက်မည်ဟု သန္နိဋ္ဌာန်ချပြီးဖြစ်သည်။ ပဒေသရာဇ်စနစ်ဆိုးကို တော်လှန်ရာတွင် ရှမ်း၊ ပလောင်၊ ပဒေါင်၊ တောင်ရိုး၊ ဓနု၊ အင်းသားစသောတိုင်းရင်းသားများသည်လည်း ပအိုဝ်းတိုင်း ရင်းသားများနှင့်လက်တွဲကာ ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ရှမ်းပြည်တောင်သူလယ်သမားအစည်းအရုံး (ရ-တ-လ-စ)၊ ခြံသမားများအဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်တို့သည်လည်း လူထုလူမျိုးစုအဖွဲ့အစည်းအနေဖြင့် ပဒေသရာဇ်စနစ် တော်လှန်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ ကြသည်။
          ဆီဆိုင်နယ်ဘက်တွင်လည်း နာယကခေါင်းဆောင်ကြီးများဖြစ်သော ကျောင်းမှတ်အပါအ၀င် ပုဂ္ဂိုလ်လေးဦးတို့ခေါင်းဆောင်၍ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအရှေ့ဘက်ရှိ “ ထီတကောင်” ရွာတွင် အစည်းအဝေးပြုလုပ်ပြီး ပဒေသရာဇ်စနစ်ကိုတော်လှန်ရန် ဆုံးဖြတ်ကြသည်။ ဤသို့အားဖြင့်ပဒေသရာဇ်တော်လှန်ရေးကြီးတဖြည်းဖြည်းဖြင့် ကျယ်ပြန့်လာကြတော့ သည်။
          ပဒေသရာဇ်စနစ်ကိုတော်လှန်ကြရာတွင် ရှမ်းပြည်နယ်လူထုအချို့နှင့် ပအိုဝ်းတိုင်းရင်းသားအချို့တို့သည် ပဒေသရာဇ်တို့၏ သတ် ဖြတ်ခြင်းကိုခံခဲ့ရသည်။ ပဒေသရာဇ်စနစ်ဟောင်းကြီးသည် ဒီမိုကရေစီအခွင့်အရေးဟူသမျှကို ပိတ်ပင်ကာ ပင်လုံ၊ လဲချားတစ်ဝိုက်တွင်လည်း ကောင်း၊ ညောင်ရွှေ၊ ရပ်စောက် တစ်ဝိုက်တွင်လည်းကောင်း တရားမဲ့ပြုကျင့်ကြသည်။ ဤသည်ကိုမခံမရပ်နိုင်ဖြစ်ကာ ရှမ်းပြည်နယ်လူထု အချို့နှင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ပဒေသရာဇ်စနစ်ကိုတော်လှန်ရန် အင်အားကိုပို၍မြှင့်တင်ခဲ့ကြသည်။ ပအိုဝ်းတိုင်းရင်းသားများနေထိုင် သောရွာများတွင် ပဒေသရာဇ်စနစ်ခုခံတော်လှန်သူများ အခြေခံဖွဲ့စည်းမိခြင်းနှင့် အဆက်မပြတ် တွန်းလှန်တော်လှန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြသည်။
          ပဒေသရာဇ်စနစ်တော်လှန်ရေးသည် ကောင်ခဲမှတစ်ဆင့် တောင်ပလိုင်၊ ဆိုင်းလိုင်နှင့် ထန့်စန်းတောင်ရွာတစ်လျှောက်သို့လည်း ပျံနှံ့လာခဲ့သည်။ ပအိုဝ်းတိုင်းသားတို့သည် ပဒေသရာဇ်စနစ်ကို မတော်လှန်မီကပင် (ရ-ပ-လ) အဖွဲ့က ပဒေသရာဇ်စနစ်ကို တော်လှန်ရန် စိုင်းပြင်ခဲ့သေးသည်။ သို့သော်ဦးတည်ချက် မမှန်ကန်သဖြင့် အောင်မြင်မှုများနှင့်လွဲခဲ့ရသည်။
          ပဒေသရာဇ်တော်လှန်ရေးသည် တဖြည်းဖြည်းနှင့် အင်အားကောင်းလာသောအခါ လဲချားပဒေသရာဇ်က ပဒေသရာဇ်စနစ်ကို တော်လှန်ရန်ဦးဆောင်ခဲ့သည့် ဖြားတန်ကောင်ခဲ ဦးခေါင်းကိုရပါက ဆုငွေကျပ် ၅၀၀ ကျပ်ပေးမည်ဟု ကြေညာခဲ့သည်။ သို့သော် ဖြားတန် ကောင်ခဲကို မည်သူမျှမနှိမ်နှင်းနိုင်ခဲ့ပေ။ လဲချားပဒေသရာဇ်က နောက်ဆုံးဆုငွေကျပ် ၅၀၀၀ ကျပ်ထိပေးမည်ဟု ကြေညာခဲ့ပေသည်။
          ဤအကြောင်းကို ဖြားတန်ကောင်ခဲ ကြားသောအခါဖြားတန်ကောင်ခဲက “ ငါ့ဦးခေါင်းသည် ငါအသက်ကြီးလေတန်ဖိုးကြီးလေ ” ဟု ဟစ်ကြွေးခဲ့သည်။ နောင်ပဒေသရာဇ်စနစ်တော်လှန်ရေးကြီး ပြီးဆုံးသွားသောအခါတွင်လည်း ဖြားတန်ကောင်ခဲက “ ငါသေသွားလို့ ခွေးဖြစ် ရင်လည်း ပဒေသရာဇ်စနစ်ရှိနေသေးလျှင် ခွေးဘ၀ကနေပြီးငါဟောင်ဦးမှာပဲ ” ဟူ၍ သတ္တိပြောင်မြောက်စွာဟစ်ကြွေးခဲ့သည်။
          ဖြားတန်ကောင်ခဲဦးဆောင်သော လူ ၃၂ ဦးပါဝင်သောအဖွဲ့သည် ပင်လုံဈေးတွင် ဓား၊ တုတ် ကိုယ်စီကိုင်ဆောင်၍ မြင်းစီးပြီး ပင်လုံ ဈေးသို့လာကြသည်။ ဈေးသို့ရောက်သောအခါ ပဒေသရာဇ်တို့၏ အခွန်တော်ကိုတောင်းခံပေးသူ ဟိန်းထွန်ကိုဓားဖြင့်လိုက်ခုတ်ကြသည်။ ပဒေသရာဇ်တို့၏ အခွန်ကိုကောက်ခံပေးသူ ဟိန်းထွန်းသည်လက်တစ်ဖက်ပြတ်သွားသည်။
          ဤသတင်းကိုလွိုင်လင်ဝန်ထောက်ကြားသောအခါ ဖြားတန်ကောင်ခဲအဖွဲ့ကိုလာရောက်တောင်းပန်ကြသည်။ တောင်းပန်၍မရသော အခါ နှင်ထုတ်လိုက်ကြသည်။ နယ်ရှင်ပဒေသရာဇ်တို့သည် စော်ဘွားများကောင်စီနှင့်တိုင်ပင်ပြီး ပအိုဝ်းတိုင်းရင်းသားတို့သည် နိုင်ငံတော်ကို ပုန်ကန်သည်ဟု တရားစွဲသည်။ အခြေအနေမှာပိုမိုပြင်းထန်လာသဖြင့် ပဒေသရာဇ်တို့သည် ပအိုဝ်းတိုင်းရင်းသားတို့ကိုပြန်လည် တော်လှန် ရန်အတွက် အင်္ဂလိပ်အစိုးရထံတွင်စစ်ကူတောင်းထားကြသည်။
          အင်္ဂလိပ်အစိုးသည် ပဒေသရာဇ်တို့ကိုကူညီရန်အတွက် ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်းတို့အတွက် စစ်သား ၅၀၀စီ ပို့ပေးရသည်။ ပဒေသရာဇ်စနစ်ကိုတော်လှန်ကြသူ ပအိုဝ်းတိုင်းရင်းသားတို့သည် အင်အားချင်းမညီမျှ၍ ခေါင်းဆောင်လုပ်သူအချို့အဖမ်းခံရ ပြီး လွိုင်လင်မြို့၌ တရားစွဲဆိုခြင်းကိုခံရသည်။ ထို့နောက်အပြစ်ဒဏ်၏အမိန့်ကိုချမှတ်လိုက်၏။ ဤအဖြစ်ကြောင့် ပအိုဝ်းတိုင်းရင်းသားလူထု တစ်ရပ်လုံးအား ပဒေသရာဇ်ခေတ်စနစ်ကိုတော်လှန်ရန် လှုံ့ဆော်လိုက်သကဲ့သို့ဖြစ်သွားခဲ့သည်။
          ပအိုဝ်းတိုင်းရင်းသားဖြစ်သူ ဆိုဆိုင်စော်ဘွားစပ်ခွန်ကြည်က ပအိုဝ်းခေါင်းဆောင်များအား အပြစ်မပေးရန်တောင်းပန်ပြီး စပ်ခွန်ကြည် က ဤသို့ဖြစ်ရသည်မှာ စော်ဘွားများ၏အပြစ်သာဖြစ်ကြောင်း ထောက်ပြသည်။ ထို့ပြင်စော်ဘွားတို့သည် အခွန်တော်ငွေကိုတောင်းခံသင့် မတောင်းခံသင့် မချင့်ချိန်ဟုထောက်ပြသည်။ သို့သော်စော်ဘွားတို့သည် မိမိတို့၏အမှားများကို ၀န်မခံကြပေ။ မိမိတို့၏ အမှားများကို ၀န်မခံသည့်အပြင် ပုဒ်မ (၁၀) ကိုပင်ထုတ်ပြန်လိုက်သေးသည်။ ပုဒ်မ (၁၀) မှာ မည်သူမဆို ပဒေသရာဇ်စော်ဘွားတို့ကို အသိမပေးဘဲ ဟော ပြောလှုံ့ဆော်ပါက ရှမ်းပြည်နယ်မှ ထွက်ခွာသွားရမည်ဟူ၍ဖြစ်သည်။
          အင်္ဂလိပ်အစိုးရသည် ပအိုဝ်းခေါင်းဆောင်များကို ဖမ်းပေးပြီးနောက် ပြန်သွားကြသည်။ စော်ဘွားများကလည်း ပအိုဝ်းခေါင်းဆောင် ၁၂ ဦးကို ထောင်ဒဏ် ၁၂နှစ်ကျခံစေရန် ချမှတ်လိုက်ပြီး မြင်းခြံထောင်သို့ပို့လိုက်သည်။ ထောင်ချခံရသော ပအိုဝ်းခေါင်းဆောင်တို့မှာ ဂျပန် ၀င်လာသောအခါ လွတ်လာကြသည်။
ပဒေသရာဇ်စနစ်တော်လှန်ရေးတွင် လက်နက်စွဲကိုင်ခြင်းမပြုကြသည့် မြို့ပေါ်နေ ပအိုဝ်းတိုင်းရင်းသားတို့သည် ရှမ်းပြည်နယ်လူထု ၏ ပြဿနာနှင့် ပအိုဝ်းတိုင်းရင်းသားတို့၏ အရေးကိုမြို့ပေါ်မှနေ၍ တတ်နိုင်သမျှဆောင်ရွက်ပေးခဲ့ကြသည်။
၁၉၅၀ ပြည့်နှစ်တွင် ပြည်ထောင်စုအစိုးရ၏ ပြည်တွင်းဆူပူငြိမ်းချမ်းရေး ကမ်းလှမ်းချက်အရ ပဒေသရာဇ်တော်လှန်ရေးတွင်ပါဝင်ခဲ့ သော ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်အချို့တို့သည် သံဃာတော်များနှင့် ရပ်ရွာကျောင်းဦးဘုရားတကာလူကြီးများထံ ချဉ်းကပ်၍အလင်း ၀င်ခဲ့ကြသည်။
မြို့ပေါ်တွင်နေထိုင်ကြသော ပအိုဝ်းတိုင်းရင်းသားများကလည်း အလင်းဝင်ရောက်လာသည့် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်များ နှင့်တွဲဖက်၍ ပြည်ထောင်စုတည်မြဲရေးကို ဆောင်ရွက်ကြသည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ပဒေသရာဇ်စနစ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို မြှင့် တင်ပေးနိုင်ခဲ့သည်။
ပဒေသရာဇ်စနစ်ကို တော်လှန်ရှုတ်ချရာတွင် လူပုဂ္ဂိုလ်များသာမက ရဟန်းသံဃာတော်များလည်း ပါဝင်လာကြသည်။ ပဒေသရာဇ် စနစ်ကိုတော်လှန်ရှုတ်ချရာတွင် ပါဝင်ခဲ့ကြသောရဟန်းသံဃာတော်များမှာ တောင်ကြီးမြို့နယ်မှ နောင်ကားတောင်ကျောင်းဆရာတော်ဘုရား၊ နောင်တိုင်း၊ နောင်ပစ်၊ ထမ်းဘုရား၊ ဖဲုင်မွန်း၊ လွယ်ကောင်း၊ ကျောင်းတစ်လုံးကြီး စသည့် ဆရာတော်ဘုရားများလည်း ပါဝင်လှုံ့ဆော်ခဲ့ကြ သည်။
ဟိုပုံးမြို့နယ်တွင် ကျောက်တန်းဆရာတော်ဘုရား၊ ကျောင်းလွယ်ဆရာတော်ဘုရား၊လွယ်ပွတ်ဆရာတော်ဘုရားများပါဝင်ခဲ့ကြသည်။ ဟိုပုံးမြို့နယ် မဲနယ်တောင်တစ်ကြောတွင် ဒုံလီတောင်၊ စငေါ၊ ဒုံလီတန်း စသည့်ဆရာတော်ဘုရားများပါဝင်ခဲ့ကြသည်။ လွိုင်လင်ခရိုင်တွင် ဟွေးဟွမ်းဆရာတော်ဘုရားလည်းပါဝင်ခဲ့ပါသည်။
ဦးဆောင်တော်လှန်ခဲ့သည့် ပုဂ္ဂိုလ်ခေါင်းဆောင်ကြီးများမှာ ဖြားတန်နမ်းဟော၊ ဖြားတန်ကောင်ပလိုင်၊ ဖြားတန်ကောင်ခဲ၊ ဖြားတန်နာဆီဆောက်၊ ဦးဖြူ (တောင်ကြီး)၊ ဦးထွေးလုံး (တောင်ကြီး)၊ ဗိုလ်ချန်စုံ (တောင်ကြီး)၊ ဦးပန္တကုံး (တောင်ကြီး တောင်ဘက် နောင်ကားရွာ)၊ ဦးလှဖေ (သထုံ)၊ ဗိုလ်လှဖေ (ခေါင်းနွဲ့)၊ ဟိန်မောင် (ဖဲုင်မွန်း)၊ ဦးအောင်သာ (ကျောက်တစ်လုံးကြီး)၊ မောင်ကျန် (ပင်လုံ)၊ ဦးဟိန္တချုံ (ဟေဟွမ်)၊ ဦးခွန်စိန် (ဆီဆိုင်)၊ ဒူးကံ (ဘုရားဖြူ ဖဲုင်မွန်းရွာတောင်ဘက်)၊ ဦးဟိန်ရှမ်းငွေ (ဟိုပုံးမြို့နယ်၊ ကျောက်တန်းရွာ)၊ ဦးဟိန်ပေါစန်ထွန်း (ထီသိန်ရွာ)၊ ဆရာလိုင်း (တီကျစ်အနောက်ဘက်ရှိ နောင်ကားရွာ) စသည်တို့ဖြစ်ပါသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ ပဒေသရာဇ်စနစ်ကို တော်လှန်ခဲ့ကြသည်ကို မမေ့စိမ့်သောငှာ “ ပဒေသရာဇ်စနစ်တော်လှန် ရေး အထိမ်းအမှတ် ” ပွဲကျင်းပကြသည်။ ပထမဆုံး ပဒေသရာဇ်စနစ်တော်လှန်ရေး အထိမ်းအမှတ်ပွဲကို ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာအရှေ့ ဘက်ရှိ “ ထီတောင်ရွာ ” တွင်ကျင်းပခဲ့သည်။
အဘယ်ကြောင့်ထိုရွာတွင် ပဒေသရာဇ်စနစ်တော်လှန်ရေးနေ့ကို ကျင်းပရသနည်းဆိုသော ထိုရွာမှပင် ပဒေသရာဇ်စနစ်ကို လက်နက်ကိုင်တော်လှန်ရန်ဆုံးဖြတ်ခဲ့ကြသည့်နေရာကို ဘူမိနက်သန် မှန်သောကြောင့်ပင်ဖြစ်ပါသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့ ရောက်လာတိုင်း ပဒေသရာဇ်စနစ်တော်လှန်ရေးကိုပအိုဝ်းတိုင်းရင်းသားများ အများဆုံးနေထိုင်သော နယ်များ တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။ ပဒေသရာဇ်တော်လှန်ရေးနေ့တွင် နေထွက်သည်နှင့် ပဒေသရာဇ်စနစ်တော်လှန်ရေးအထိမ်းအမှတ် အလံတော်ကိုလေးပြုကြသည်။ နေ၀င်ချိန်တွင်ပွဲသို့ ကြွလာကြသောဧည့်ပရိသတ်များကို ထမင်းထုပ်များကမ်းလှမ်းဝေပေးကြသည်။ ဤသို့ ပြုကြရခြင်းမှာ ပအိုဝ်းတိုင်းရင်းသားများတို့သည် ထမင်းထုပ်ကိုကိုင်ပြီး ပဒေသရာဇ်စနစ်ကိုတော်လှန်ခဲ့ကြကြောင်းကို သတိရစေရန်ပင်ဖြစ် သည်။ ပဒေသရာဇ်စနစ်တော်လှန်ရေးနေ့ရောက်တိုင်း သံဃာတော်များအားဆွမ်းကပ်ခြင်းနှင့် ပဒေသရာဇ်စနစ်အထိမ်းအမှတ်ဟောပြောပွဲ များ၊ ကပွဲများကိုပြုလုပ်ကျင်းပပေးသည်။ ပဒေသရာဇ်တော်လှန်ရေးသည် သမိုင်းတွင် ပအိုဝ်းတိုင်းရင်းသားတို့၏ထူးခြားပြောင်မြောက်သော တော်လှန်ရေးပင်ဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် ပဒေသရာဇ်စနစ်ကို အမြစ်ပြုတ်အောင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြသကဲ့သို့ပင် ယနေ့အမိ နိုင်ငံ၏ ပြည်တွင်းပြည်ပ အန္တရာယ်အသွယ်သွယ်များတို့ကိုလည်း စည်းလုံးညီညွတ်စွာပါဝင်တော်လှန်ကြဦးမည်သာဖြစ်ပါသည်။

ပအိုဝ်းလှိုင်ဗူ
                    “ ရှေ့မြင်း နောက်မြင်း၊ ကိုးသင်းလမ္ဘူ၊ နန်းဦးနတ်ရှင်၊ မြို့တွင်ရွှေပြည်၊ ပြင်စည် ညောင်ရွှေ၊
သရေခေတ္တရာ၊ မိုင်းလာ မိုင်းသော၊ သီပေါ မိုင်းညင်း၊ မြင်းအစို့စို့၊ မင်းတို့သာဝ၊ ဖွဲ့သမျှတွင် ”
ကုန်းဘောင်ခေတ် ရကန်ဆရာကြီးဦးတိုးသည် သူ၏ရာမရကန်တွင် အလောင်းမင်းတရားလက်ထပ်၊ မြင်းတပ်ဖွဲ့ရသော နယ်မြေများ ကိုအထက်ပါအတိုင်း ဖွဲ့ဆိုထားလေသည်။ “ ကိုးသင်းလမ္ဘူ ” ဆိုသည်မှာ မြင်းစီးတပ်ဖွဲ့ကိုးယောက်၊ ကိုးသင်းအစုအဖွဲ့ကိုဆိုလိုပါသည်။ ပညာရှင်တို့က “ လမ္ဘူ ” ဆိုသော စကားသည်ပေါရာဏစကားဖြစ်၍ “ အစုအဖွဲ့ ” ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။
အလောင်းမင်းတရားလက်ထပ် မြင်းတပ်ဖွဲ့ရသော နယ်မြေများတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေနယ်လည်းပါဝင်ပေသည်။ ညောင်ရွှေ နယ်သည် ပအိုဝ်းတိုင်းသားအများအပြားနေထိုင်သော ဒေသတစ်ခုဖြစ်၏။ ပအိုဝ်းတိုင်းရင်းသားတို့သည် မြင်းစီးကျွမ်းကျင်ကြ၏။ ယနေ့တိုင် တောင်တန်းဒေသတစ်လျှောက် မြင်းစီး၍သွားလာနေကြသည်။
မြင်းစီးကျွမ်းကျင်သော ပအိုဝ်းတိုင်းရင်းသားတို့သည် တစ်ချိန်က အလောင်းမင်းတရားကြီး၏ မြင်းတပ်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ဖူးပေ လိမ့်မည်။ ရှေးလူကြီးသူမတို့၏ ပြောဆိုစကားမှတစ်ဆင့်ကြားသိမှတ်သားခဲ့ရဖူးသည်မှာ မြန်မာဘုရင်များ လက်ထပ်တွင် အမှုတော်ထမ်းခဲ့ကြ သည်ဟုဆိုလေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် မှတ်တမ်းတစ်ခုတွင် သထုံ(ဆီဆိုင်)ကို အုပ်ချုပ်သည့် ခွန်ဆာမူလက်ထပ် တွင် ၎င်းအုပ်ချုပ်သည့် နယ်မြေမှာဘိုးတော်ဘုရား၏ အမိန့်အရအုပ်ချုပ်ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြထားပေသည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် ဘိုးတော်ဘုရားလက်ထပ်တွင် အမှုထမ်းခဲ့ကြကြောင်း ထင်ရှားလေသည်။
ပအိုဝ်းဘာသာစကားတွင် “ လမ္ဘူ ” မြန်မာပေါရာဏနှင့် ဆင်သည့် “ လှိုင်ဗူ ” ဆိုသောစကားရှိသည်။ ပအိုဝ်းဘာသာ “ လှိုင်ဗူ ” ၏ အဓိပ္ပာယ်မှာ “ စုစည်းခြင်း၊ ညီညွတ်ခြင်း ” ဟုအဓိပ္ပာယ်ရသည်။ မြန်မာပေါရဏ “ လမ္ဘူ ” နှင့် ပအိုဝ်းဘာသာ “ လှိုင်ဗူ ” မှာ အသံထွက်တူ အဓိပ္ပာယ်တူပင်ဖြစ်၏။ ထို့ကြောင့် မြန်မာနှင့် ပအိုဝ်းတိုင်းရင်းသားတို့ဆက်ဆံကြရာမှ မြန်မာပေါရာဏ “ လမ္ဘူ ” သည် ပအိုဝ်းဘာသာစကား “ လှိုင်ဗူ ” မှရွေ့လျောလာလေသလောဟု စဉ်းစားစရာပင်ဖြစ်လေသည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် “ လှိုင်ဗူ ” ဟူသော အမည်ဖြင့် အဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ခဲ့ဖူးကြောင်း မှတ်တမ်းတင်ဖော် ပြလိုပါသည်။
၁၉၄၆ ခုနှစ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းကိုယ်စားလှယ်တို့ လွတ်လပ်ရေးကိုအရယူနိုင်ရန် ကြိုးပမ်းနေကြသော အချိန်အခါဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းဒေသ ကိုယ်စားလှယ်များနှင့် လွတ်လပ်ရေး၊ တန်းတူရေးနှင့်ပူးပေါင်းဆောင်ရွက် ရေးတို့အတွက် ဆွေးနွေးညှိနှိုင်းနေကြချိန်ဖြစ်၏။ ထိုအချိန်တွင် “ ပအိုဝ်းလှိုင်ဗူ ” ခေါ် ပအိုဝ်းတိုင်းရင်းသား အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာ ခဲ့သည်။
ပအိုဝ်းလှိုင်ဗူ၏ တည်ရာဌာနမှာ ရှမ်းပြည်နယ်တောင်ကြီးမြို့ဖြစ်၏။ ပအိုဝ်းလှိုင်ဗူကို စတင်တည်ထောင်ကြသူများမှာ သထုံ (ဆီဆိုင်) စော်ဘွား စပ်ခွန်ကြည်၊ ဦးလှဖေ (သထုံ)၊ ဦးဖြူ (တောင်ကြီး)၊ ဦးဘိုးခင် (တောင်ကြီး)၊ ဦးရွှေ (တောင်ကြီး)၊ ဦးနန္တာဟိန် (ဟိုပုံး)၊ ဦးဟိန်ရှမ်း ငွေ (ဟိုပုံးမြို့နယ် ကျောက်တန်းရွာ)၊ တို့ဖြစ်ကြသည်။
ပအိုဝ်းလှိုင်ဗူ၏ ရည်ရွယ်ချက်မှာ ပအိုဝ်းတိုင်းရင်းသားတို့၏ အမျိုး၊ ဘာသာ၊ သာသနာ၊ တိုးတက်ထွန်းကားစေရေးအတွက်ပင်ဖြစ် ၏။ ပအိုဝ်းလှိုင်ဗူသည် ပအိုဝ်းတိုင်းရင်းသားလူထုကို စည်းရုံးရာတွင် လူထုနိုးကြားမှု အသိစိတ်ဓာတ်တက်ကြွစွာစုရုံးလာအောင် အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။
ရှမ်းပြည်တောင်ပိုင်းတွင် “ ပအိုဝ်းလှိုင်ဗူ ” တည်ထောင်သည့်အချိန်မှာပင် သထုံခရိုင်တွင်လည်း “ ပအိုဝ်းတောင်သူ အစည်းအရုံး ” ကိုတည်ထောင်ကြသည်။ ပအိုဝ်းတောင်သူ အစည်းအရုံးမှာ သထုံခရိုင်အတွင်းရှိ ပအိုင်းသံဃာတော်၊ ဆရာတော်များ၏ သြ၀ါဒကိုခံယူ၍ ဦးအောင်သာ၊ ဦးပြူး၊ ဦးဘိုးနွယ်၊ ဦးလှဖေ စသောပုဂ္ဂိုလ်များက ဦးဆောင်ကာ ဖွဲ့စည်းတည်ထောင်ကြခြင်းဖြစ်၏။
ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကြသောအခါ ပအိုဝ်းလှိုင်ဗူအဖွဲ့မှ ဦးဖြူသည် သထုံနယ်၏ ကိုယ်စားလှယ်အဖြစ်ပါဝင်လက်မှတ် ရေးထိုးခဲ့သည်။ ပထမအကြိမ် ပင်လုံညီလာခံကို ကျင်းပရာတွင်လည်း ပလှိုင်းလိုင်ဗူအဖွဲ့မှ ဗိုလ်ဟိန်မောင်တက်ရောက်၍ ပအိုဝ်းလူထု ကိုယ်စား မိန့်ခွန်းပြောကြားခဲ့သည်။ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းပြုပြည်ပြု လွှတ်တော်တွင် ပအိုဝ်းလှိုင်ဗူမှ ဦးဖြူနှင့် ဦးဘိုခင်တို့ပါ ၀င်ခဲ့ကြသည်။ ဦးဘိုခင်သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးအဖြစ်လည်း ပါဝင်ခွင့်ရခဲ့သည်။
ပအိုဝ်းတိုင်းရင်းသားတို့သည် နိုင်ငံရေး နိုးကြားမှုအသိတိုးတက်ပြောင်းလဲလာပြီဖြစ်၍ ပအိုဝ်းအဖွဲ့အစည်း၏ လှုပ်ရှားမှုသည်လည်း ရှေ့သို့အဆင့်ဆင့်တက်၍ ပြောင်းလဲလှုပ်ရှားလာသည်။ ယခုအခါ ပအိုဝ်းတိုင်းရင်းသားအများဆုံးနေထိုင်ရာ မြို့ရွာဒေသတွင် ပအိုဝ်းတိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးကော်မတီကိုဖွဲ့စည်းထားကြသည်။ ဤကား ပအိုဝ်းလှိုင်ဗူမှ စတင်ပေးလိုက်သော အမျိုးသားရေးနိုးကြားမှု အသိစိတ်ဓာတ်၏ အကျိုးဆက်များပင်ဖြစ်တော့သည်။

ပအိုဝ်းအမျိုးသားနေ့
          အမျိုးသားနေ့သည် လူမျိုးတိုင်းအဖို့ထူးခြားသည့် ဂုဏ်ထူးဝိသေသဖြင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်ပင်ဖြစ်၏။ တစ်နည်းအားဖြင့် အမျိုးသားနေ့ဟူသည် မိမိတို့လူမျိုးကို ပြန်လည်မှတ်တမ်းတင်ခြင်းပင်ဖြစ်သည်။ လူမျိုးတိုင်းသည် အမျိုးသားနေ့တွင် ဇာတိသွေး ဇာတိမာန် စိတ်ဓာတ်များ၊ အမျိုးသားရေးစိတ်ဓာတ်များ ပြန်လည်နုပျိုလန်းဆန်းရေး၊ နိုင်ငံတော်ကိုချစ်မြတ်နိုးသော စိတ်ဓာတ်များကိန်းအောင်း ခံယူလာ ရေး၊ အမျိုးသားစာပေယဉ်ကျေးမှု၊ ဂီတ၊ အနုသုခုမပညာရပ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး စသည်တို့ကို ဖန်တီးလှုံ့ဆော်သည့် သဘောပင်ဖြစ်ပါသည်။
          အမျိုးသားနေ့တွင် မိမိတို့သည် မည်သည့်အချက်တွင်အားနည်းချက်၊ ချို့ယွင်းချက်ရှိသည်ကို ပြန်လည်သုံးသပ်ရမည့် အချိန်အခါ လည်းဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသားနေ့သည် လူမျိုးတိုင်းအတွက် ထူးခြားသောအင်္ဂါရပ်ဖြစ်၏။ ထို့ပြင်နိုင်ငံနှင့် လူမျိုးကိုရှေ့သို့တိုး တက်အောင်ချီတက်ရာတွင် အထောက်အကူပြုနိုင်စွမ်းမည့် အာနိသင်ကို ပေးစွမ်းနိုင်သည့် နေ့လည်းဖြစ်ပေသည်။
          ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့၏ထူးခြားသည့် သမိုင်းအစဉ်အလာကို အကြောင်းပြု၍ တပေါင်းလပြည့်နေ့ ရောက်တိုင်း       “ ပအိုဝ်းအမျိုးသားနေ့ ” ကိုကျင်းပကြသည်။ ဤတွင်ပအိုဝ်းအမျိုးသားနေ့ကို တပေါင်းလပြည့်နေ့တွင် ကျင်းပရသည်ကိုဖော်ပြလိုပါသည်။
          ပအိုဝ်းတိုင်းရင်းသားတို့သည် ကျေးဇူးတရားသိရှိမှု၊ ကျေးဇူးတရားကိုနားလည်သဘောပေါက်မှု စသောဗုဒ္ဓဘာသာ၏ အဆုံးအမကို လေးစားယုံကြည်စွာ နှလုံးသွင်းကြသူများဖြစ်ကြ၏။ အမျိုးသားနေ့သည် မိမိတို့လူမျိုး ဆင်းသက်လာသော မိမိတို့၏ဘိုးဘွားမျိုးနွယ်ဆက် များ၏ ကျေးဇူးတရားကိုပြန်လည်တသအောက်မေ့သတိရသည့် စိတ်မှပေါက်ဖွားလာရခြင်းဖြစ်ပါသည်။ ထို့ကြောင့်ပအိုဝ်းအမျိုးသားနေ့သည် ကျေးဇူးတရားကိုသိမှုမှစတင်ခဲ့သည်ဟုဆိုနိုင်၏။
          လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ ကျော်၊ မဟာသက္ကရာဇ် ၃ နှစ်တပေါင်းလပြည့်၊ စနေနေ့၊ လ၀င်နေထွက်၊ လရောင်နေရောင် ထွန်းပြောင်ထိန်လင်း ရောယှက်သောအချိန်တွင် မင်းတစ်ပါးဖွားမြင်ခဲ့၏။ ထိုမင်းသည် လ၀င်နေထွက်အချိန်တွင် မွေးဖွားသဖြင့် သူရိယစန္ဒာ ဟုခေါ်သည်။
          သူရိယစန္ဒာမင်းသည် ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့၏။ ပအိုဝ်းတိုင်းရင်းသားတို့၏ တောက်ပသောခေတ် ကာလကို ဖန်တီးပေးခဲ့၏။ သထုံမြို့ရှိ လေးဆူဓာတ်စံ-ရွှေစာရံစေတီတော်ကို တည်ခဲ့သည့် သာသနာ့ဒါယကာမင်းမြတ်ဖြစ်၏။ ဤကျေးဇူး တရားများကို အောက်မေ့တသသတိရသောအားဖြင့် ပအိုဝ်းတိုင်းရင်းသားတို့၏ ဂုဏ်ရောင်ကိုထွန်းပြောင်စေခဲ့သည့် သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို “ ပအိုဝ်းအမျိုးသားနေ့ ” အဖြစ်သတ်မှတ်ကြခြင်းဖြစ်ပါသည်။
          ထို့ပြင်ပအိုဝ်းတိုင်းရင်းသားတို့သည် အောက်မြန်မာပြည်တွင် နေထိုင်စဉ်က လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ခဲ့ကြ၏။ လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ခဲ့ကြသော ပအိုဝ်းတိုင်းရင်းသားတို့သည် လုပ်ငန်းခွင်ပြီးစီးရုပ်သိမ်းသည့် တပေါင်းလတွင် ကောက်ဦးတင်ပူဇော်ပွဲတွင် ဗုဒ္ဓရှင်တော်နှင့် ဆွေတော်မျိုးတော်၊ မိအိုဖအို အကြီးအကဲများကို ဆွမ်းဦးကပ်လှူကာ ကောက်ဦးကျွေးမွေးပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။ ကောက်ဦးတင်ပူဇော်ပွဲတွင် ဆွေမျိုးများကို တစ်နှစ်တစ်ကြိမ်တွေ့ဆုံခွင့်ရခဲ့ကြသည်။ ထို့ကြောင့် တပေါင်းလပြည့် နေ့ရောက်တိုင်း ရွှေစာရံဘုရားကုန်းမြေတွင် ဘုရားကိုကောက်ဦးပူဇော်ပွဲ၊ ဆွေမျိုးဆုံပွဲလုပ်ရာမှ ပအိုဝ်းအမျိုးသားနေ့ပေါ်ပေါက်ခဲ့ရသည်။ နောင်တွင် ခေတ်ရေစီးကြောင်းအတိုင်း ပိုမိုကျယ်ပြန့်သောအသွင်ကို ဆောင်လာရန်၊ ဘုရားပူဇော်ပွဲ၊ ဆွေတော်မျိုးတော်များတွေ့ဆုံပွဲ၊ သက် ကြီးရွယ်အိုနှင့် အကြီးအကဲများကိုပူဇော်ပွဲကျင်းပရာမှ အမျိုးသားနေ့အဖြစ်သို့ပြောင်းလဲကျင်းပလာခဲ့ကြသည်။
          သူရိယစန္ဒာမင်း၏ မွေးနေ့ကို အမျိုးသားနေ့အဖြစ်သက်မှတ်ထားသဖြင့် ပဒေသရာဇ်တစ်ပါး၏ မွေးနေ့ကိုဖော်ကျူးခြင်း၊ ပဒေသရာဇ်စနစ်ကို နေရာပေးခြင်း၊ သိဒ္ဒိတင်ခြင်း၊ အရောင်တင်ခြင်းမျိုးမဟုတ်ပေ။ ပဒေသရာဇ်စနစ်သည် ဤခေတ်ကာလတွင် ပြည်ဖုံးကာချ သွားပြီဖြစ်၏။
          သမိုင်းစာမျက်နှာများထဲမှ ဂုဏ်ယူဖွယ်ရာ အမွေအနှစ်များကိုမေ့ပျောက်ထား၍မရပေ။ ယနေ့ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက် နေသော်လည်း မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သည့် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘရားစသည့်မင်းတို့၏ လုပ်ဆောင်ချက်၊ ဂုဏ်ပုဒ် များကို မေ့ပျောက်ချန်လှစ်ထား၍မဖြစ်ပေ။
          ဆိုရှယ်လစ်စနစ်ကို စတင်တည်ထောင်ခဲ့သည့် ယခင်ဆိုဗီယက်ပြည်ထောင်စုတွင် မိမိနိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးနိုင် ခဲ့သည့် ဇာဘုရင်ကြီး၏ ကျေးဇူးတရားကိုအသိအမှတ်ပြုဆဲပင်ဖြစ်ပါသည်။ ဇာဘုရင်ကို သွေးဖြင့်ဂလဲ့စားချေခဲ့သော်လည်း၊ ဇာဘုရင်၏ ကျေးဇူးတရားကိုအသိအမှတ်ပြုဆဲပင်ဖြစ်ပါသည်။ ဇာဘုရင်ကိုသွေးဖြင့်ဂလဲ့စားချေခဲ့သော်လည်း၊ ဇာဘုရင်၏အသုံးအဆောင်ပစ္စည်းများကို အမျိုးသားယဉ်ကျေးမှု အမွေအနှစ်အဖြစ်ပြတိုက်ထဲတွင် အမြတ်တနိုးပြသထားဆဲပင်ဖြစ်ပါသည်။
          အထက်ပါသာဓကများကိုထောက်၍လည်းကောင်း၊ ကျေးဇူးတရားကိုသိရှိမှုမှ စတင်ခဲ့သည်ကိုထောက်၍လည်းကောင်း ပအိုဝ်း တိုင်းရင်းသားတို့၏ ဂုဏ်ရောင်ကိုထွန်းပြောင်စေခဲ့သော သူရိယစန္ဒာမင်း၏ မွေးနေ့ကိုပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခြင်း သည် သဘာဝကျသည်ဟုဆိုနိုင်ပါသည်။ ထို့ပြင်ကောက်ဦးတင်ပူဇော်ပွဲတွင် ရပ်ဝေးရပ်နီးဆွေမျိုးများပြန်လည်တွေ့ဆုံပွဲဖြစ်ပြီး၊ ထိုပွဲတွင် ရှေ့ဟောင်းနှောင်းဖြစ်များပြန်လည်နှီးနှောဖလှယ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အနာဂတ်ဆောင်ရွက်ဖွယ်ရာများကို ရင်းနှီးချစ်ကြည်စွာ ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြပါသည်။ ထို့ကြောင့် ပအိုဝ်းအမျိုးသားနေ့သည် ပအိုဝ်းတိုင်းရင်းသားများအတွက် အနှစ်သာရရှိသော နေ့တစ်နေ့ ဖြစ်ကြောင်း အကဲခတ်နိုင်ပါသည်။
          ရန်ကုန်တက္ကသိုလ်နယ်မြေနှင့် မန္တလေးတက္ကသိုလ်နယ်မြေတို့တွင် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို၊ တက္ကသိုလ်ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီမှ နှစ်စဉ်နှစ်တိုင်း ဦးစီးကျင်းပခဲ့ကြသည်။ ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် စကား ရည်လုပွဲများ၊ ဟောပြောပွဲများကို ကျင်းပခဲ့ကြသည်။ ယင်းအခမ်းအနားနှင့် ဟောပြောပွဲများကြောင့် တိုင်းရင်းသားကျောင်းသူ၊ကျောင်းသား အချင်းချင်းနားလည်မှု ပိုရစေသည်။ ပို၍စည်းရုံးစေခဲ့သည်။
          တက္ကသိုလ်အသီးသီးတွင် ကျင်းပခဲ့သော ပြည်ထောင်စုနေ့ အခမ်းအနားများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ အသီးသီးက ကျင်းပပေးခဲ့သော တိုင်းရင်းသားပေါင်းစုံတို့၏ နေ့ထူးနေ့မြတ်အခမ်းအနားများ၊ စာပေနှင့်ယဉ်ကျေးမှု ဟောပြောပွဲများ၊ မဂ္ဂဇင်း စာစောင်များ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချပွဲများက သက်သေခံလျက်ရှိနေပေသည်။
          ယခုအခါ၊ ပအိုဝ်းတိုင်းရင်းသားနေ့ကို သာမန်ကျင်းပခြင်းမျိုး မဟုတ်တော့ဘဲ၊ ပိုမိုကျယ်ပြန့်သစ်လွင်သော အဓိပ္ပာယ်နှင့် အနှစ်သာ ရကိုဆောင်ယူနိုင်မည့် နေ့ထူးရက်မြတ်အဖြစ် ပြောင်းလဲကျင်းပခဲ့သည်ကိုတွေ့ရပါသည်။ ယခုကျင်းပလျက်ရှိသော ပအိုဝ်းအမျိုးသားနေ့ တိုင်းရင်းသားအချင်းချင်းသွေးစည်းချစ်ကြည်ရေး၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ အစရှိသည့် ပိုမိုကျယ်ပြန့်သော ဦးတည်ချက်များဖြင့် ကျင်းပခဲ့သည်ကို လေ့လာသိရှိနိုင်ပါသည်။ ထို့အပြင်အသက် ၈၀ ကျော်ဘိုးဘွားများအား ရိုသေကန်တော့ခြင်း၊ ပရိယတ္တိစာပေတွင် ထူးချွန် စွာအောင်မြင်ကြသော ပအိုဝ်းသံဃာတော်များကိုဆုများချီးမြှင့်ခြင်း စသည်ဘာသာရေး၊ လူမှုရေးလုပ်ငန်းများကိုပါ ပြုလုပ်လာကြသည်ကို တွေ့ရလေသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပအိုဝ်း တက္ကသိုလ်ကျောင်းသူ ကျောင်းသား
          ယနေ့ တက္ကသိုလ်သည် ပြည်ထောင်စုကလေးတစ်ခုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်နယ်ပေါင်းစုံ၊ ဒေသပေါင်းစုံမှ ပြည်ထောင်စုလူငယ်အသီးသီးစုဝေးရောက်ရှိရာ နေရာဖြစ်သောကြောင့်ပင်ဖြစ်သည်။ တက္ကသိုလ်တွင် ပညာသင်ကြားနေကြခိုက် ညီရင်း အစ်ကို မောင်ရင်းနှမသဖွယ် ချစ်ခင်ကြသည်။ ကြင်နာကြသည်။
          တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီတွင် တိုင်းရင်းသားပေါင်းစုံကိုယ်စားလှယ်၊ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများပါဝင်ကြသည်။ လူမျိုးစုအလိုက်လည်း သီးခြားကော်မတီငယ်များကို ထပ်ဆင့်ဖွဲ့စည်းထားသည်။ ယင်းကော်မတီများသည် မိမိတို့တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးအတွက် ဦးဆောင်လှုပ်ရှားကြသည်။ ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသား ပေါင်းစုံတို့၏ လူမျိုးစုအကပဒေသာများကိုတင်ဆက်ကြသည်။
          ရန်ကုန်တက္ကသိုလ်တွင် ပအိုဝ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဆပ်ကော်မတီကို ၁၉၆၆-၆၇ ခုနှစ်တွင်စတင်၍ သီးခြားဖွဲ့စည်းခဲ့ သည်။ ကော်မတီ၏လုပ်ငန်းစဉ်များ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်ရန်ပင်ဖြစ်ပါသည်။ ပအိုဝ်းတိုင်းရင်းသား တက္ကသိုလ်ကျောင်းသူကျောင်းသားများသည် ဗဟိုကော်မတီမှချမှတ်သော လုပ်ငန်းစဉ်များကို တိုင်းရင်းသားဆပ်ကော်မတီများနှင့်လက်တွဲ ဆောင်ရွက်ခဲ့ကြသည်။
          ယခုအခါ တက္ကသိုလ်နှင့် ကောလိပ်အသီးသီးတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ ဖွဲ့စည်းထားကြသည်။ ပအိုဝ်း တိုင်းရင်းသားတက္ကသိုလ်ကျောင်းသူ ကျောင်းသားများကလည်း တက္ကသိုလ်ကောလိပ်အသီးသီးတွင် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီကိုဖွဲ့စည်းထားသည်။